ဒီတစ်သက် ဒီဘဝ
Posted by သံစဉ်ချစ်သူ on June 1, 2011 at 10:00am
စာပို့ မယ် View သံစဉ်ချစ်သူ's blog
ဒီတစ်သက် ဒီဘ၀မှာ ကျွန်တော် မေ့မရတဲ့ ငိုသံနှစ်ခုရှိတယ်။ ကျွန်တော့်ဘ၀အစရဲ့ ငိုသံ
အမေ့ဘ၀အဆုံးရဲ့ ငိုသံ
ကျွန်တော်မမှတ်မိတဲ့ ပထမငိုသံကို အမေပြောပြခဲ့တယ်
ကျွန်တော်ပြောလည်း အသုံးမ၀င်တော့တဲ့
ဒုတိယငိုသံကို အမေ မသိလိုက်ဘူး။
ဒါပေမယ့် ငိုသံနှစ်ခုရဲ့ကြားမှာ
အဆုံးမရှိတဲ့ ရယ်သံတွေ ပြည့်နှက်ခဲ့တယ်
တစ်ကျော့ပြီး တစ်ကျော့ ရယ်သံတွေ လူးလားခေါက်ပြန်နဲ့
အနှစ်သုံးဆယ် ကြာခဲ့တယ်
အမေလည်း သိတယ်
ကျွန်တော်လည်း မှတ်မိတယ်။
ထိုင်ဝမ် စာရေးဆရာ ရှီကွမ်ဂျိုရဲ့ ဒီကဗျာကိုဖတ်ပြီး အမေ့ကို ကျွန်မ
အရမ်းသတိရမိတယ်။ ကဗျာရဲ့ စာသားတွေက ရင်ဝကို စူးနေအောင် လာထိုးနှက်တယ်။
ကဗျာဆရာအတွက် အမေနဲ့ လက်ပွန်းတတီး အတူနေခဲ့တဲ့ အချိန်က
အနှစ်သုံးဆယ်တဲ့...သေချာ လက်ချိုး ရေကြည့်တော့ အမေနဲ့ ကျွန်မအတူနေခဲ့တဲ့
အချိန်က ဆယ့်ငါးနှစ်တောင် မပြည့်ခဲ့ပါဘူး။ အမေဆုံးချိန်မှာတောင် အနားမှာ
မရှိနိုင်ခဲ့တဲ့ကျွန်မ ဒုတိယငိုသံကို ဘယ်လို ရင်ကွဲအောင် ငိုလဲ
အသုံးမ၀င်ခဲ့ပါဘူး။ အမေ မကြားနိုင်ခဲ့ပါဘူး။ အသက်ရှင်ချိန်မှာ
အတူမနေခဲ့မိတဲ့ နောင်တဟာ ရှုံးဆုံးသွားမှ ထုထည်ပိုကြီးလာခဲ့တယ်။ ဒီတစ်သက်
ဒီဘ၀ရဲ့ အကြီးမားသော ဆုံးရှုံးမှုနဲ့ နောင်တတွေပါ အမေ ...အတူရှိခဲ့ဖူးတဲ့
အချိန်တွေ တိုခဲ့ပေမယ့် အမေနဲ့ ကျွန်မကြားက ရယ်သံတွေကို ဘ၀ဆုံးတိုင်
အမှတ်ရနေမှာပါ အမေ....
. =========================
ကျေးဇူးရှင် မိဘတွေကို ပြုစုစောင့်ရှောက်ဖို့ရာ သားရယ်မှ သမီးရယ်မှလို့ မခွဲထားပါဘူး။ သျှောင်နောက် ဆံထုံးပါလို့ ဆိုပေမယ့် လင်ယောက်ျားနဲ့
လိုက်သွားပြီးရင် မိဘနဲ့ အဆက်ပြတ်သွားတာ မဟုတ်ဘူး။ ဇနီးမယား ယူပြီးရင်
မိဘကို ပြုစုစောင့်ရှောက်တဲ့ တာဝန်ဟာ ချွေးမဖြစ်သွားတာ မဟုတ်ဘူး။
ဇနီးမောင်နှံ နှစ်ဦးစလုံး မိဘကို အတူပြုစု စောက်ရှောက်သင့်တယ်။
ဇရာဆိုတဲ့ လမ်းကို လူတိုင်းလျောက်ကြရမှာ မလွဲဘူး။ ချွေးမ လုပ်သူက
ယောက္ခမကို ပြုစုသင့်သလို သားမက်လုပ်သူကလဲ ထိုနည်း၎င်းပါပဲ။
သျှောင်နောက်လိုက်ပါသွားတဲ့ ဆံထုံးတစ်ယောက် မပြန်ဖြစ်တာကြာတဲ့
အမေ့အိမ်ကို တစ်ခေါက်ပြန်ခဲ့မှ ခြေထောက် ထော့နင့် ထော့နင့်နဲ့
လှမ်းလျောက်နေတဲ့ အမေ့ကို သတိထားမိတယ်။ အမေ့ခြေထောက်က ခြေသည်းတွေ
ငုတ်နေခဲ့လို့ ခြေချောင်းတွေဟာ အနာဖြစ် ပြည်တည်နေခဲ့လို့ပါပဲ။
ခြေထောက်တွေကို ကြည့်မိမှ အမေ့ကို သေချာဂရုစိုက် မကြည့်ဖြစ်ခဲ့တာ
ကြာခဲ့မှန်း သူသတိပြုမိတယ်။ အမေဟာ ခါးကုန်းပြီး ကိုယ့် ခြေသည်းကို
မညှပ်နိုင်လောက်အောင် အိုစာသွားပါလား ဆိုတာကို ဂရုပြုမိမှ
သူငိုကြွေးမိတယ်။ အဲဒီ နောက်ပိုင်း တစ်ပတ်တစ်ခါ အိမ်မှန်မှန်ပြန်ပြီး
ရေနွေးနဲ့ အမေခြေထောက်ကို သူဆေးကျော နှိပ်နယ်ပေးခဲ့တယ်။ ဒါမှ ရေစိမ်
ထားတဲ့ ခြေသည်းတွေဟာ ပျော့လာပြီး အမေ မနာအောင် ညှပ်ပေးနိုင်မယ်။
မိဘတွေကို လုံလောက်တဲ့ အစားအသောက်နဲ့ ငွေကြေးတွေပေးရင် တာဝန်ကျေပြီ
လုံလောက်ပြီလို့ လူတွေက ထင်နေခဲ့ကြတယ်။ တကယ်တော့ သူတို့ နေ့စဉ်ပြုမူနေတဲ့
အသေးအမွှား ကိစ္စလေးတွေကို သတိထားတာက ပိုအရေးကြီးတယ် ဆိုတာ
လူတွေမေ့နေခဲ့ကြတယ်။ ခေတ်နဲ့အညီ ပြောင်းလဲတိုးတက်နေတဲ့ ဒီပတ်ဝန်းကျင်မှာ
သူတို့လည်း နေသားကျမယ်လို့ ထင်နေခဲ့ကြတယ်။ နားမလည်နိုင်တဲ့ ဘာသာစကားတွေ၊
စက်ကရိယာတွေ၊ ရီမို့ကွန်ထရိုတွေနဲ့ ရှုပ်ရှုက်ခတ်နေတဲ့ ပတ်ဝန်းကျင်မှာ
ခေတ်နဲ့အပြိုင် လိုက်ဖို့ရာ သူတို့ အရမ်းပင်ပန်း ကြတယ်ဆိုတာ
လူတွေမသိကြဘူး။ သူတို့ပြောချင်တဲ့ အရာတွေက သားသမီးတွေကို
စိတ်အနှောင့်အယှက် ဖြစ်စေမှာစိုးလို့ မပြောဘဲ မျိုချခဲ့ရတဲ့ စကားတွေလည်း
မနည်းခဲ့ဘူး။ လုပ်ချင်တာတွေကများ၊ ဖြစ်ချင်တာ တွေကများ၊ ဖိအားတွေများ၊
စိတ်ညစ်တာတွေ များလာတော့ လူတွေက မိဘကို ပြန်ကြည့်ဖို့ရာ သတိမရတတ်
ကြတော့ဘူး။ သတိရပြီး ဂရုတစိုက် ကြည့်မိချိန်မှာတော့ သူတို့ရဲ့
မျက်နှာပေါ်မှာ ဇရာရဲ့ အရစ်အကြောင်းတွေက တစ်ထပ်ပြီး တစ်ထပ်
ကန့်လန့်ဖြတ်လို့နေပါပြီ။
တံတိုင်းလို့ ခိုင်မာခဲ့တဲ့ သူတို့ရဲ့ပုခုံးတွေ၊ ကမ်းကပ်နားခိုရာ
နွေးထွေးတဲ့ သူတို့ ရင်ခွင်တွေ၊ ပြိုမှာစိုး လို့ မိုးပြီး
အကာအကွယ်ပေးထားတဲ့ သူတို့ရဲ့ လက်တွေ အရာအားလုံးဟာ တစ်နေ့နေ့မှာ
အိုမင်းသွားတတ်တယ် ဆိုတာ လူတွေ သတိထား မိခဲ့ရင်ဖြင့်....
စာရေးသူ-အမည်မသိ
No comments:
Post a Comment